International News

ရုရှားနှင့် အီရန်တို့ မြောက်-တောင်သယ်ယူပို့ဆောင်ရေးလမ်းကြောင်း၏ ရထားလမ်းအပိုင်းကို တည်ဆောက်မည်

Last Updated:

ရုရှားကုမ္ပဏီတစ်ခုသည် အပြည်ပြည်ဆိုင်ရာမြောက်-တောင်သယ်ယူပို့ဆောင်ရေးလမ်းကြောင်း (International North–South Transport Corridor-INSTC) ၏ Rasht-Astara မီးရထားလမ်းကြောင်းအပိုင်းတစ်ခုကို တည်ဆောက်ရန် အီရန်နှင့် မကြာမီသဘောတူစာချုပ်တစ်ရပ် လက်မှတ်ရေးထိုးမည်ဖြစ်ကြောင်း ရုရှားသမ္မတ၏ လက်ထောက်တစ်ဦးဖြစ်သူ Mr.Igor Levitin က RIA သတင်းဌာနသို့ ပြောကြားခဲ့သည်။

မြောက်-တောင်သယ်ယူပို့ဆောင်ရေးလမ်းကြောင်းသည် ရုရှားနိုင်ငံအတွက် နောက်ထပ်ကုန်စည်တင်ပို့ရန်အခွင့်အလမ်းတစ်ခုဖြစ်ပြီး အထူး သဖြင့် စားနပ်ရိက္ခာများနှင့်သက်ဆိုင်သည့် လမ်းကြောင်းတစ်ခုဖြစ်ကြောင်း၊ လက်ရှိတွင် အဆိုပါလမ်းကြောင်းတစ်လျှောက်လုံးရှိ သယ်ယူပို့ဆောင်ရေးသည် တန်ချိန် ၁၅ သန်းခန့်ရှိသော်လည်း အနာဂတ်တွင် တန်ချိန် သန်း ၃၀ အထိ နှစ်ဆတိုးလိမ့်မည်ဖြစ်ကြောင်း ၎င်းက ထပ်လောင်းပြောကြားခဲ့သည်။

အပြည်ပြည်ဆိုင်ရာ မြောက်-တောင်သယ်ယူပို့ဆောင်ရေးလမ်းကြောင်းသည် စိန့်ပီတာစဘတ်(ရုရှား)မှ မွန်ဘိုင်း(အိန္ဒိယ)ဆိပ်ကမ်းသို့ ကီလို မီတာ ၇,၂ဝဝ ရှည်လျားသည့် ဘက်စုံသုံးလမ်းကြောင်းတစ်ခုဖြစ်သည်။ ၂၀၂၃ ခုနှစ် မေလတွင် အီရန်နိုင်ငံရှိ Rasht-Astara ရထားလမ်းအနောက်ပိုင်းလမ်းကြောင်း၏ နောက်ဆုံးလိုအပ်သော ပြီးစီးမှုဆိုင်ရာစာရွက်စာတမ်းများကို ရုရှားနှင့်အီရန်တို့ လက်မှတ်ရေးထိုးခဲ့ကြသည်။

Rasht-Astara ရထားလမ်းသည် အိန္ဒိယ၊ အီရန်၊ ရုရှား၊ အဇာဘိုင်ဂျန်နှင့်အခြားနိုင်ငံများကို မီးရထားနှင့် ရေကြောင်းဖြင့်ဆက်သွယ်ရန် ရည်ရွယ်ထားသည့်လမ်းကြောင်းတွင် အရေးကြီးသောချိတ်ဆက်မှုတစ်ခုဖြစ်ပြီး အဆိုပါစီမံကိန်းသည် စူးအက်တူးမြောင်းကို ကုန်သွယ်ရေးလမ်းကြောင်းအဖြစ် ယှဉ်ပြိုင်နိုင်ကြောင်း သိရှိရပါသည်။

Source : https://ria.ru/20230704/dogovor-1882128788.html

(ခွန်မျိုးသူ၊ စီးပွားရေးသံမှူး၊ မော်စကိုမြို့)

Category: International News